Slider

Recent Tube

Wisata

News Scroll

Favourite

Event

Culture

Gallery

» » ပေးထားတဲ့ကတိ မတည်တာကြောင့် မန်းငြိမ်းမောင် အံ့သြမိ

လွှတ်ပေးမယ်လို့ ကတိပေးထားပါလျက် နောက်ထပ် ပုဒ်မကြီးတွေ တပ်ပြီး ရုံးထုတ် စစ်ဆေးခံရတာကို အလွန် အံအားသင့်မိကြောင်း အင်းစိန် အကျဉ်းထောင်တွင်း ထိန်းသိမ်းခံထားရတဲ့ KNU ဗဟို ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောဆိုကြောင်း အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားရုံးချုပ် ရှေ့နေကြီး ဦးကြီးမြင့်က ပြောပါတယ်။

KNU ဗဟို ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်

မန်းငြိမ်းမောင်ကို အစိုးရနဲ့ KNU ငြိမ်းချမ်းရေး အတွက် ကြားဝင် ဆောင်ရွက်သင့်တဲ့ အချက်အလက်တွေ မေးမြန်းခဲ့ပြီး ပြန်လွှတ်ပေးမယ်လို့ ကတိ ပေးထားခဲ့ကြောင်း မန်းငြိမ်းမောင်က ရှေ့နေကြီး ဦးကြီးမြင့်ကို ပြောလိုက်တယ်လို့ သိရပါတယ်။

“ငြိမ်းချမ်းရေး ရအောင်သာ ကူညီပါ။ ဘယ်လို ငြိမ်းချမ်းရေး ရအောင် လုပ်နိုင်မလဲလို့ အကူအညီ တောင်းတယ်တဲ့။ သူကလည်း သေသေချာချာ ပြောပြတယ်။ သူညွှန်ပြတဲ့ ဆရာတော်တွေ အရလည်း ဒီဘက်က ဆက်သွယ်တဲ့ အခါကျတော့ အောင်မြင်တယ် ပေါ့။ အဲဒီလိုတွေ ဖြစ်ပြီးတော့မှ အခုလို တရားစွဲလိုက်တဲ့ပေါ်မှာ၊ ကတိပေးထားပြီးတော့မှ ဒီလိုစွဲလိုက်တော့ အရမ်း အံ့အားသင့် နေတယ်။ စိတ်မကောင်းဘူးဗျ။ အဲဒါ ကျွန်တော့်ကို ပြောတယ်”

ရှေ့နေကြီး ဦးကြီးမြင့် ပြောပြတာပါ။ မန်းငြိမ်းမောင်ကို မတရားအသင်းနဲ့ဆက်သွယ်မှု ပုဒ်မ ၁၇၊ ၁ နဲ့ နိုင်ငံတော် ပုန်ကန်မှု ၁၂၂-၁ အမှုနှစ်ခုနဲ့ စွဲချက်တင်ထားတာပါ။ မန်းငြိမ်းမောင် အဖမ်းခံရတုန်းက ရင်ဆိုင်ခဲ့ရတဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေပုဒ်မနဲ့ မှတ်ပုံတင်အတု ပြုလုပ်တဲ့ပုဒ်မ နှစ်ခုအတွက် ထောင်ဒဏ် ၆ လ ချမှတ်ခံရပြီး အချုပ်ရက်နဲ့ အဲဒီထောင်သက်တမ်းစေ့သွားပြီးလို့ သိရပါတယ်။

အခုလို ဖဒို မန်းငြိမ်းမောင်ကို ငြိမ်းချမ်းရေး လက်ဆောင်ဆိုပြီး ပြောတဲ့အတိုင်း ပြန်လွှတ်မပေးတဲ့ အပြင် နောက်ထပ် ပုဒ်မကြီး နှစ်ခု တပ်ပြီး အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာ ရုံးထုတ် စစ်ဆေးနေတဲ့အပေါ် ကေအင်ယူအနေနဲ့ စိုးရိမ်မကင်းဖြစ်မိတယ်လို့ မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ကေအင်ယူ ပြောခွင့်ရ ပုဂ္ဂိုလ် စောဒေးဗစ်တောက အခုလို ပြောပါတယ်။

“ဖဒိုမန်းငြိမ်းမောင်ကို ကျွန်တော်တို့ကို ပြန်ပြီးတော့ ထည့်ပေးလိုက်မယ် ဆိုကတည်းက ပြောတာကတော့ တွေ့ဆုံ ဆွေးနွေးရေး သွားကတည်းက သူတို့ပြောပါတယ်။ ဒါပေမယ့် ဘယ်လို အခက်အခဲတွေကြောင့် ဖဒိုမန်းငြိမ်းမောင် ကျွန်တော်တို့နဲ့ ပြန်ပါမလာနိုင်တာတော့ ကျွန်တော်တို့လည်း နည်းနည်းတော့ စဉ်းစားစရာ ဖြစ်တာပေါ့။ သို့ပေမယ့် ကျွန်တော်တို့ အဖွဲ့အစည်း အနေနဲ့ ကတော့ ဖဒိုမန်းငြိမ်းမောင်တင် မကပါဘူး၊ တခြားသော ကျွန်တော်တို့နဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ခံရတဲ့လူ အားလုံးကို လွှတ်ဖို့ အတွက် ဒီတစ်ခေါက် ပြန်တွေ့တဲ့အချိန်မှာ တောင်းဖို့အတွက် ပြင်ဆင်မှုလုပ်ထားပါတယ်။”

ဖဒိုမန်းငြိမ်းမောင် အပါအ၀င် ကေအင်ယူနဲ့ပတ်သက်ပြီး အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၆၀ ကျော် ကျန်နေသေးတယ်လို့ စောဒေးဗစ်ထောက ပြောပါတယ်။

မန်းငြိမ်းမောင်ရဲ့ ရှေ့နေ ဦးကြီးမြင့်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
http://www.rfa.org/burmese/news/mahn-nyein-maung-01232012101852.html

«
Next
Newer Post
»
Previous
Older Post