Slider

Recent Tube

Wisata

News Scroll

Favourite

Event

Culture

Gallery

ရိုဟင်ဂျာအရေး ထောက်ခံမှုအပေါ် တိုက်ခိုက်မှုများ ကြုံရခြင်း

Burma Campaign UK (BCUK) အဖွဲ့က ရိုဟင်ဂျာပြည်သူများ၏ လူ့အခွင့်အရေးကိစ္စအပေါ် ထောက်ခံပါသည်။ Burma Campaign UK အဖွဲ့က ဤသဘောကို ထုတ်ဖော်ပြောဆိုခြင်းသည် အံ့သြဖွယ်မဟုတ်သလို၊ အငြင်းပွားဖွယ် ကိစ္စတခုလည်း မဟုတ်ပါ။

မိမိတို့က မြန်မာနိုင်ငံ လူ့အခွင့်အရေးကိစ္စ လှုပ်ရှားဆောင်ရွက်နေကြသည့် အဖွဲ့အစည်းတခု ဖြစ်ပါသည်။ ရိုဟင်ဂျာ
ပြည်သူများ လူ့အခွင့်အရေး ခံစားရရှိခွင့် ရှိရမည် ဆိုသည့်အချက်နှင့် နိုင်ငံတကာ ဥပဒေများအရ ပုံမှန် အခွင့်အရေးနှင့် ကာကွယ်ပေးမှုများ ခံစားရရှိပိုင်ခွင့် ရှိရမည်ဆိုသည်ကို မည်သူတဦးက သဘောကွဲလွဲ အငြင်းပွားပါအံ့နည်း။

သို့သော်လည်း အချို့သောသူများက ဤသို့သဘောထား ထုတ်ဖော်ပြောဆိုချက်အပေါ် ဒေါသအမျက် ချောင်းချောင်း ထွက်ကြသည်။ Burma Campaign UK အဖွဲ့၏ ဝန်ထမ်းများကို မုဒိမ်းကျင့်သင့်သည်၊ သတ်ပစ် သင့်သည်ဟုပင် ထုတ်ဖော်ပြော ဆိုသည်များကြုံကြရသည်။ မိမိတို့ခံယူသည်မှာ မိမိတို့ "အပြစ်မသင့်"၊ "သင်ခန်းစာ ပေးရမည့်သူများ" လည်းမဟုတ်ပါ။ "ကြိုးစင်တင် အပြစ်ပေးရမည့်သူများ" လည်း မဟုတ်ပါ။ ဤသို့သော အမြင်များနှင့် များစွာသော ရိုင်းပြအောက်တန်းကျသည့် တိုက်ခိုက်မှုစာများ မိမိတို့ထံ အီးမေးလ် ပေးပို့ခဲ့ကြသလို၊ YouTube/ Facebook စသည့် လူမှုကွန်ရက်စာမျက်နှာ များတွင်လည်း တင်ပို့ဖော်ပြသည်ကို တွေ့ခဲ့ကြရပါသည်။

ရိုဟင်ဂျာများ လူ့အခွင့်အရေး ရရှိသင့်သည်၊ သူတို့၏ လူ့အခွင့်အရေးကို ခုခံကာကွယ်ပေးနိုင်ရန် ရိုဟင်ဂျာ များနှင့် အလုပ်ပူးတွဲ ဆောင်ရွက်သင့်သည်၊ စသည်ဖြင့် ဖော်ပြပြောဆိုခဲ့ကြသည့် Burma Campaign UK နှင့် အခြားသော အဖွဲ့အစည်းများအပေါ် ဆန့်ကျင်ခဲ့ကြသော တိုက်ခိုက်စော်ကားမှုများ၊ မုန်းတီးမှုများ၊ ဒေါသ အမျက်များ မည်မျှပြင်းထန် စွာ ကြုံတွေ့ခဲ့ ရသည်ကတော့ အံ့အားသင့်ဖွယ်ပင် ဖြစ်သည်။

ရန်ကုန်တွင် ဆန့်ကျင်ဆန္ဒပြမှုများပင် ရှိခဲ့သည်။ ဗြိတိသျှသံရုံးရှေ့တွင် ပြည်ပရှိ သတင်းမီဒီယာ အဖွဲ့အစည်းများကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး၊ ယခင် စစ်အစိုးရက ဝါဒဖြန့်ချိထားသည့်အတိုင်း အလားတူ Burma Campaign UK အဖွဲ့ကို တိုက်ခိုက် စွပ်စွဲခဲ့ကြသည်။ ရိုဟင်ဂျာ ပြည်သူများအတွက် ဝါဒဖြန့်ပေးသည်ဟူသည့် စွပ်စွဲချက်ဖြင့် ဆန့်ကျင်ကြခြင်း
ဖြစ်သည်။ ၎င်းကဲ့သို့ ဆန္ဒပြသူများအနက်မှ မိမိတို့က "ဝါဒဖြန့်ချိပေးနေသည်" (ဝါဒဖြန့် သည်ကို မည်သည့်သဘောဖြင့်
ပြောဆိုသုံးနှုန်းခြင်း မသိပါ) ဟု စွပ်စွဲခဲ့ကြသူများအပေါ် သံသယဖြစ်မိပါသည်။ လက်ရှိ စိတ်ခံစားမှု အထွဋ်အထိပ်
ရောက်နေချိန်၊ မစဉ်းစားမချင့်ချိန်နိုင် ဖြစ်နေချိန်၌၊ ကြားရသမျှ ရိုဟင်ဂျာ ဆန့်ကျင်ရေး ပြောဆိုချက်များကို အားလုံး ယုံကြည် မြိုချနေကြပုံရပါသည်။

မည်သို့ဖြစ်စေ ဤသို့ဆန္ဒပြခွင့် ပြုသည်ဆိုသည်မှာ ကောင်းသည့်လက္ခဏာတခုဟု ယူဆ၍ရပါသည်။ သို့သော်လည်း သူတို့ရရှိလာသည့် အသစ်သော လွတ်လပ်ခွင့်၊ ဆန္ဒပြခွင့်ကို အသုံးပြုကြသူများအနေဖြင့် ထောင်များထဲတွင် ကျန်ရှိ
နေသေးသည့် ရာနှင့်ချီသောနိုင်ငံရေး အကျဉ်းသားများ လွတ်လပ်ခွင့်အတွက် အသုံးပြုကြပါ၏လော။ သို့မဟုတ် ကချင်ပြည်နယ်တွင် မုဒိမ်းပြုကျင့်ခံနေရစည့် အမျိုးသမီးများအတွက် ဆန္ဒပြကြပါ၏လောဟု မေးခွန်းထုတ်စရာ ရှိနေပါသည်။

လူတို့၏ စိတ်ခံစားမှုက မဆင်ချင်နိုင်ဘဲ အမြင့်ဆုံးရောက်နေရာ၊ Burma Campaign UK အဖွဲ့က တနည်းတဖုံအားဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်မှုများကို မီးလောင်ရာလေပင့် ပေးနေသည်ဟု စွပ်စွဲပြောဆို နေကြသူများ ရှိသလို၊ လွန်လွန်ကျူးကျူး ယုံကြည်နေကြသူ အများလည်း ရှိနေပါသည်။ သူတို့က ယခုဖြစ်ပွားနေသည့် အကြမ်းဖက်များ အတွက် မိမိတို့ တာဝန်ရှိသည်ဟု စွပ်စွဲနေကြပါသည်။

Burma Campaign UK အဖွဲ့က ရိုဟင်ဂျာပြည်သူများ၏ လူ့အခွင့်အရေးကိစ္စ ထောက်ခံပြောဆိုနေသည့်အပေါ် ကာလကြာရှည်ကပင် ထူးထူးဆန်းဆန်း ဝေဖန်ပြောဆို ခံနေခဲ့ရပါသည်။ ၎င်းကိစ္စမှာ အမှန်တကယ် နားလည်မှု လွဲမှားနေခြင်းသာ ဖြစ်ပါသည်။

ဘလော့များ၊ အီးမေးလ်များ၊ ဖေ့စ်ဘုတ် (Facebook) ကဲ့သို့သော အင်တာနက် ဝက်ဘ်ဆိုက်ဒ်များတွင် လိမ်ညာ
ပြောဆိုမှုများ၊ ကောလာဟလများ ပျံ့နှံ့နေပါသည်။ ရိုဟင်ဂျာများအတွက် အကျိုးဆောင်ပေးမှုကြောင့် ငွေရနေသည်ဟု ဆိုနေကြသည်။ Burma Campaign UK အဖွဲ့က ရိုဟင်ဂျာကိစ္စ ဆောင်ရွက်နေမှုကြောင့် မည်သည့်ထောက်ပံ့မှုမျှ ရရှိခဲ့ခြင်းမရှိပါ။

ကိစ္စအများစုတွင် Burma Campaign UK အဖွဲ့၏ ဝင်ငွေများကို မြန်မာနိုင်ငံ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး လှုပ်ရှား
ဆောင်ရွက်မှုအပေါ် သုံးစွဲခဲ့ခြင်းသာ ဖြစ်ပါသည်။ ထို့အပြင် မိမိတို့သည် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတခု
ဖြစ်ပါသည်။

အလားတူ အခြားလိမ်ညာဖော်ပြမှုတခုမှာ အရှေ့အလယ်ပိုင်းနိုင်ငံများက မိမိတို့ကို ရန်ပုံငွေထောက်ပံ့နေသည်ဟု
ပြောဆိုနေခြင်း ဖြစ်ပါသည်။ တခါတရံ ဖော်ပြနေမှုများတွင် အရှေ့အလယ်ပိုင်း နိုင်ငံများက မြန်မာနိုင်ငံကို သိမ်းပိုက်၍ မူစလင်နိုင်ငံအဖြစ် ပြောင်းလဲရန် ကြိုးပမ်းနေမှု အကြံအစည်တွင် မိမိတို့က တစိတ်တပိုင်း ပါဝင်ပတ်သက်နေသည်ဟု
ပြောဆိုနေကြပါသည်။ ၎င်းကိစ္စအတွက် အထောက်အထားများ ရှိနေသည်ဟုပင် စွပ်စွဲပြောဆိုနေကြသည်။ ရိုဟင်ဂျာ အရေး လှုပ်ရှားနေသူများက အစ္စလမ်မစ် အဖွဲ့အစည်း ညီလာခံသို့ တက်ရောက်လာကြသည့်အခါ၊ မိမိဓာတ်ပုံဟုဆိုပြီး၊ တက်ရောက်လာသည့် အာရကန် ရိုဟင်ဂျာ သမဂ္ဂ (Arakan Rohingya Union) ကိုယ်စားလှယ်များကို ၎င်းတို့၏ ဘလော့တွင် တင်ပြထားခဲ့ရာ၊ ဤပုံကို ဖော်ပြ၍ မိမိတို့က အရှေ့အလယ်ပိုင်းနိုင်ငံများမှ ငွေယူထားသည့်သက်သေဟု စွပ်စွဲပြောဆိုနေကြပါသည်။

ပြဿနာမှာ ၎င်းဓာတ်ပုံထဲတွင် မိမိ မပါဝင်ပါ။ ၎င်းအစည်းအဝေး ဖြစ်ပေါ်ခဲ့ကြောင်းပင် မိမိမသိရှိပါ။ ၎င်းဓာတ်ပုံတွင် ပါဝင် ဖော်ပြထားသည်မှာ မြန်မာ့အရေးဆိုင်ရာ ဥရောပရုံး (Euro Burma Office) မှ ဦးဟန်ညောင်ဝေ ဖြစ်ပါသည်။ ထိုအချိန်က မိမိတို့က စွပ်စွဲချက်များကိုကြည့်၍ ရယ်မောနေခဲ့ကြပါသည်။ ရှမ်းပြည်နယ်မှ မင်းသားတဦးနှင့် မိမိဓာတ်ပုံ ကိုမှ မခွဲခြားနိုင်လေခြင်းဟု ရယ်မောနေခဲ့ကြသည်။

မိမိတို့က အလေးအနက် မထားမိခဲ့ကြပါ။ သို့သော်လည်း ဤသို့လိမ်လည်ဖော်ပြမှုအပေါ် ယုံကြည်နေခဲ့ ကြကြောင်း သတိမမူမိခဲ့ကြပါ။ ဤသတင်းက အီး-မေးလ်များ၊ ဘလော့များ၊ Facebook များတွင် ပျံ့နှံ့နေခဲ့ ကြပြီး၊ လူအများက လည်း ယုံကြည် နေခဲ့ကြပါသည်။ မကြာသေးမီက မိမိမြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ရန်ကုန်ရှိ အဆင့်မြင့် ဒီမိုကရေစီခေါင်းဆောင်များကပင် ဤအရေးဆွေးနွေး ပြောဆိုခဲ့ကြပါသည်။

လိမ်ညာပြောဆိုနေကြသည့် အချက်တခုမှာ မိမိတို့က ရိုဟင်ဂျာပြည်နယ် ရရှိရေးအတွက် ဆောင်ရွက်ပေးနေကြသည် ဟု ပြောဆိုနေခြင်း ဖြစ်ပါသည်။ ၎င်းကိစ္စ မိမိတို့က မည်သည့်အချိန်ကမျှ ပြောဆိုခဲ့ခြင်းမရှိပါ။ ရိုဟင်ဂျာ အဖွဲ့အစည်း အချို့က လွန်ခဲ့သည့် ဆယ်စုနှစ်များက ၎င်းကဲ့သို့ တောင်းဆိုခဲ့ကြသော်လည်း၊ ရိုဟင်ဂျာ အဖွဲ့အစည်းများထံမှ သူတို့ ကိုယ်ပိုင်ပြည်နယ် လိုချင်သည်ဟု ပြောဆိုသည်ကို မိမိတို့တခါမျှ ကြားခဲ့ရခြင်း မရှိပါ။

အကယ်၍ ရိုဟင်ဂျာပြည်သူများကို တိုင်းရင်းသားဟု သတ်မှတ်လိုက်ပါက၊ သူတို့ကို နယ်မြေ/ပြည်နယ် ပေးရတော့မည် ဟူသည်မှာလည်း နားလည်မှုလွဲမှားနေသည့်ကိစ္စ သာ ဖြစ်ပါသည်။ ဤကိစ္စမှာ မမှန်ကန်သလို၊ Burma Campaign UK အဖွဲ့ကလည်း ၎င်းကိစ္စကို ထောက်ခံပြောဆိုခဲ့ခြင်း အလျဉ်းမရှိပါ။

ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ နောက်ထပ်မိမိတို့ တိုက်ခံခံနေရသည့် အကြောင်းအချက်တခုမှာ မိမိတို့တွင် မူစလင် ဘာသာဝင် ဝန်ထမ်းတဦး ရှိနေသည့်အတွက်ကြောင့် ဖြစ်ပါသည်။ မဝေနှင်းပွင့်သုန်က Burma Campaign UK အဖွဲ့နှင့် ပူးပေါင်းလှုပ်ရှားလာချိန်မှစ၍ မြန်မာလူထုအချို့၏ ဖေ့စ်ဘုတ်စာမျက်နှာများတွင် ဤသို့ တိုက်ခိုက်မှုများ စတင်လာခဲ့ပါ သည်။ အကြောင်းမှာ သူက မူစလင်ဘာသာဝင်တဦး ဖြစ်နေပါသည်။

ရိုဟင်ဂျာပြည်သူများအပေါ် ဖိနှိပ်ခံရမှုများအပေါ် ဆန္ဒပြပွဲများတွင် မဝေနှင်းပွင့်သုန် ပါဝင်ခဲ့သည့် ဓာတ်ပုံ ဖော်ပြခဲ့သည့် မကြာသေးခင်နှစ်များအထိ၊ မိမိတို့၏ စာမျက်နှာများတွင် ရိုဟင်ဂျာများနှင့် ပတ်သက်၍ လူ့အခွင့်အရေး ချိုးဖောက်ခံရ မှုများကို ဖော်ပြနေသည်အထိ ယခုတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းမရှိသေးပါ။ ယခုအခါ မဝေနှင်းပွင့်သုန်မှာ စော်ကား တိုက်ခိုက်မှုများအတွက် ပစ်မှတ်တခုသဖွယ် ဖြစ်နေပါသည်။ မူစလင် ဘာသာဝင် မဟုတ်သူ မိမိတို့ အခြားဝန်ထမ်း များကလည်း အလားတူဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြပါသည်။

လိမ်ညာဖော်ပြမှုများတွင် မဝေနှင်းပွင့်သုန်က တိတ်တဆိတ် ရိုဟင်ဂျာလူမျိုးတဦး ဖြစ်သည်ဟု ဆိုနေကြသည်။ မမှန်ပါ။ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (Rohingya Solidarity Organization) တွင် လုပ်ကိုင် နေသည်ဟု စွပ်စွဲကြ သည်။ မမှန်ပါ။ မြန်မာနိုင်ငံတွင် Caliphate ကို ဖန်တီးနေသည်ဟု စွပ်စွဲဖော်ပြနေသည်။

သူက ဤသို့လုပ်ဆောင်နေခြင်း မဟုတ်ပါ။ ရိုဟင်ဂျာများထံမှ ငွေယူထားသည်ဟု ဆိုကြပြန်သည်။ ဤကိစ္စလည်း မမှန်ပါ။ ထို့အပြင် ရိုဟင်ဂျာ ယောက်ျားအများနှင့် ကလေးရထားသည်ဟု ဆိုကြပြန်သည်။ မှန်ကန်ခြင်း မရှိပါ။ သူ့အပေါ် ဤသို့လိမ်ညာတိုက်ခိုက် နေခြင်းမျှသာမဟုတ်၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု အများအပြားလည်း ကြုံနေရပါသည်။

အလိမ်အညာ သတင်းများ၊ ဇာတ်လမ်းများကိုကြား၍ ယုံကြည်နေကြသူ အများစုက ရိုဟင်ဂျာတို့၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဆက်နွယ်ထောက်ခံသည်ဟုဆိုလျှင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ရန်၊ စော်ကားရန်၊ ခြိမ်းခြောက်ရန် အကြောင်း အချက် လုံလောက်သည်ဟု ထင်မြင်ယူဆနေကြပါသည်။ သူတို့၏ ခေါင်းဆောင်များက ဤသို့ပြုမူနေကြသည့် အတွက် လည်း၊ အံ့သြဖွယ်တော့ မဟုတ်ပါ။

ပြီးခဲ့သည့် တနှစ်ခန့်က ဒေါက်တာအေးချမ်းနှင့် သူ၏ နောက်လိုက်နောက်ပါများနှင့် စကားစမြည် ပြောဆိုရန် မိမိ ကြိုးပမ်းခဲ့ဖူးပါသည်။ သူတို့က အာဏာရှင်များထက်၊ ရိုဟင်ဂျာများကို ပြစ်တင်ဝေဖန်ရန် ပို၍အချိန်ပေးနေကြပါသည်။
ဒေါက်တာအေးချမ်းက ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး၊ ဤသို့မပါဘဲနှင့် ဆွေးနွေးပြောဆိုရန် မဖြစ်နိုင်ခဲ့ ပါ။ အီးမေးလ်ဖြင့် စာပို့ဆွေးနွေးမှုကိုလည်း အခြားသော အီးမေးလ်အုပ်စုများထံ ဖြန့်ဝေခဲ့ပါသည်။

မိမိ၏ အီးမေးလ် စာတိုက်ပုံးထဲသို့လည်း စော်ကားတိုက်ခိုက်သည့် အီးမေးလ်များ ပြည့်လျှံ နေခဲ့ပါသည်။ သူ၏
နောက်လိုက်နောက်ပါများက ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ ခြိမ်းခြောက်မှုများ မပြုပါရန် မိမိက ဒေါက်တာအေးချမ်းကို
တောင်းဆိုခဲ့သည့်အခါ၊ ဤသို့ဆောင်ရွက်သူများကို ရှုံ့ချပါရန် တောင်းဆိုခဲ့သည့်အခါ သူက လုပ်ဆောင်ရန် ငြင်းဆို ခဲ့ပါသည်။ ခေါင်းဆောင်များက ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ စော်ကားမှုများကို ရှုံ့ချငြင်းပယ်ရန် ပျက်ကွက်ခဲ့ပြီး၊ သူတို့ ကိုယ်တိုင်က ဤသို့ဆောင်ရွက်နေသည့်အခါ၊ နောက်လိုက်များကလည်း ၎င်း အမူအကျင့်ကို လိုက်လံ အတုခိုးကြမည် သာ ဖြစ်ပါသည်။

မကြာသေးမီကာလက မိမိတို့ကို ရိုဟင်ဂျာ လိုလားထောက်ခံသူများအဖြစ် စွပ်စွဲခဲ့ကြပါသည်။ ဤသို့ပြောဆို သည်မှာ မည်သည့် အဓိပ္ပါယ်ဆောင်သည်ကို မိမိကိုယ်တိုင် မရှင်းလင်းသေးပါ။ သေချာသည်မှာ မိမိတို့က ရိုဟင်ဂျာတို့၏ လူ့အခွင့်အရေး ကိစ္စအတွက် လိုလားထောက်ခံသူများ ဖြစ်ပါသည်။ သို့ဆိုလျှင် အခြားသော ဒီမိုကရေစီ/ လူ့အခွင့် အရေး ယုံကြည်သူ များကလည်း ဤသို့မဖြစ်နိုင်ရပါမည်နည်းဟု မေးစရာ ရှိပါသည်။

သို့သော်လည်း အကျိုးဆက်မှာ မိမိတို့က ရိုဟင်ဂျာ လိုလားထောက်ခံသူများ ဖြစ်သောကြောင့်၊ တနည်းတဖုံ အားဖြင့် မိမိတို့က ရခိုင်ဆန့်ကျင်သူများ ဖြစ်နေကြရသည်။ လူအများက ဤသို့အမြင်နှစ်ခု ယှဉ်တွဲ၍ ရှိနေကြပုံမှာ အထူး စိုးရိမ်ဖွယ်ပင် ဖြစ်ပါသည်။ Burma Campaign UK က မြန်မာနိုင်ငံရှိ လူထုအားလုံး၏ လူ့အခွင့်အရေးကိစ္စကို
ထောက်ခံပါသည်။ ၎င်းလူထုများတွင် ရိုဟင်ဂျာနှင့် ရခိုင်တို့လည်း အပါအဝင် ဖြစ်ပါသည်။ ရိုဟင်ဂျာများတွင် လူ့အခွင့်အရေးရှိသည်ဟု ပြောဆိုခြင်းကြောင့်၊ မိမိတို့ကို ရခိုင်ဆန့်ကျင်ရေးဟု အမည်တပ်၍ မရနိုင်ပါ။ မိမိတို့က ရခိုင်ကိစ္စနှင့် ပတ်သက်သည့် အရေးကိစ္စများစွာကို လှုံ့ဆော်ကမ်ပိန်းများ ဆောင်ရွက်ခဲ့ကြဖူးပါသည်။ ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်း၊ ရခိုင် နိုင်ငံရေးအကျဉ်းသားများ ကိစ္စအပါအဝင် ဖြစ်ပါသည်။ အိန္ဒိယတွင် ထောင်ကျခံနေရသည့် ရခိုင်နှင့် ကရင်တိုင်းရင်းသား ၃၄ ဦးကိစ္စအပေါ် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေကြသည့် ကမ်ပိန်းအုပ်စု အနည်းငယ်အနက် မိမိတို့က တဖွဲ့အပါအဝင် ဖြစ်ပါသည်။

Burma Campaign UK အဖွဲ့အပေါ် ရခိုင်အရေးနှင့် ပတ်သက်၍ လုံလောက်စွာ မဆောင်ရွက်ခဲ့မှုကြောင့်လည်း ပြစ်တင်
ဝေဖန် ခံရပါသည်။ ဤသည်ကိုထောက်ပြ၍ ရိုဟင်ဂျာတို့ကို လိုလားထောက်ခံ ဘက်လိုက်ရပ်တည် သည်ဟုလည်း စွပ်စွဲကြပါသည်။ သို့သော်လည်း ရခိုင်တို့နှင့် ပတ်သက်သည့် ပြဿနာများကို ဆောင်ရွက်ပေးရန် ရခိုင်လူမှုအဖွဲ့အစည်း များ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများ တောင်းခံလာပါက မိမိတို့က မည်သည့်အချိန်မျှ ငြင်းပယ်ခဲ့သည်ဟူ၍မရှိပါ။

ရခိုင်အရေးနှင့် ပတ်သက်၍ မိမိတို့က ပို၍လုပ်ဆောင်ပေးဖွယ်ပင် ရှိပါသည်။ သို့သော်လည်း အင်္ဂလန်ရှိ အချို့သော ရခိုင် လူမှုအဖွဲ့ဝင်များက မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြပါ။ အကြောင်းမှာ မိမိတို့က ရိုဟင်ဂျာများ၏ လူ့အခွင့်အရေးကို ထောက်ခံပေးခဲ့ကြသည့်အတွက် ဖြစ်ပါသည်။ မိမိတို့က ရခိုင်လူမှု အသိုက်အဝန်း ခေါင်းဆောင်များ
နှင့် ဆုံတွေ့ရန် စီစဉ်ခဲ့ကြသည့်အခါ၊ တလခန့် ကြာမြင့်ပြီးမှ လူတဦးထံမှသာ အကြောင်းပြန်ခဲ့ပါသည်။ အတိတ်ကာလ တွင်လည်း မိမိတို့က အင်္ဂလန်ရှိ ရခိုင်လူမှု အသိုက်အဝန်း အဖွဲ့အစည်းများနှင့် ပြည်ပရောက် အဖွဲ့အစည်းများအပေါ်
ထောက်ခံပံ့ပိုးနိုင်ရန် သင်တန်းမျိုးစုံ စီစဉ်ပေးရေး ကမ်းလှမ်းခဲ့ပါသည်။ မည်သူကမျှ လက်ခံခဲ့ခြင်း မရှိပါ။

Burmese Rohingya Organisation UK ထံမှ ယခု အကြမ်းဖက်မှုများနှင့် ပတ်သက်၍ သတင်းများကို Burma Campaign UK အဖွဲ့က ဖြန့်ဝေပေးခဲ့သည့် အတွက်ကြောင့်လည်း မိမိတို့ကို ပြင်းထန်စွာ ဝေဖန်ပြစ်တင် ခံရပါသည်။ သတင်းများကို ဖြန့်ဝေပေးခြင်းမှာ လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ အဓိကလုပ်ငန်းတခု ဖြစ်ပါသည်။ နှစ်စဉ်ဆိုသလို ပင် မိမိတို့က မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဲန်ဂျီအိုများမှ သတင်း မီဒီယာ ထုတ်ပြန်ချက်များ၊ အစီရင်ခံစာများ၊ အကျဉ်းချုပ်တင် ပြချက်များကို ဖြန့်ဝေပေးခဲ့ကြပါသည်။

ရခိုင်ပြည်သူများ၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ လုပ်ဆောင်နေသည့်အဖွဲ့အစည်း တခုခုက သတင်းများ ပေးပို့လာ ပါက၊ မဖော်ပြခံရဘဲ ရှိနေပါက၊ မိမိတို့က ဆက်လက်ဖြန့်ဝေပေးမည်သာ ဖြစ်ပါသည်။ သို့သော်လည်း ဤသို့ပေးပို့လာ ခဲ့ခြင်း မရှိပါ။

မိမိနှင့် Burma Campaign UK ကို ဘက်လိုက်သည်ဟု ဝေဖန်ပြောဆိုနေသည့်သူ အချို့နှင့်လည်း စကားစမြည်
ပြောဆိုခဲ့ဖူးပါသည်။ ဘက်လိုက်သည်ဟု ပြောရလောက်အောင် လုပ်ဆောင်မှုများ ဥပမာပေးပါဟု တောင်းခံခဲ့ဖူးသည်။ မည်သူတဦးကမျှ မည်သည့်အချက်တခုကိုမျှ ထောက်ပြခဲ့ခြင်း မရှိပါ။ သို့သော်လည်း ၎င်းကဲ့သို့ အထင်မြင်က ဆက်လက်တည်ရှိနေဆဲသာ ဖြစ်ပါသည်။

ရိုဟင်ဂျာများအတွက် လူ့အခွင့်အရေးကိစ္စ ဆောင်ရွက်ပေးခြင်းသည် ရခိုင်လူမျိုးများကို ဆန့်ကျင်သည်ဟူသည့် ယုံကြည်ချက်အမြင်ကို ပယ်ဖျက်အောင် ဆောင်ရွက်ရသည်မှာ မဖြစ်နိုင်သကဲ့သို့ ရှိနေပါသည်။ မိမိတို့ အမြင်တွင်မူ၊ ယခုကိစ္စသည် အစွန်းရောက်အင်အားစုတို့က တမင်တကာ ဖန်တီးနေကြသည့် နည်းပရိယာယ် သာဖြစ်ပြီး၊ ဆွေးနွေး
ငြင်းခုန်မှုများကို ပို၍ သဘောထားကွဲလွဲအောင်၊ အမုန်းတရားနှင့် သည်းညည်းမခံနိုင်မှုကို ပို၍ ဖြစ်လာအောင် လှုံ့ဆော်နေခြင်းသာ ဖြစ်ပါသည်။

ရိုဟင်ဂျာကိစ္စနှင့် ပတ်သက်၍ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမှုများနှင့် ဓာတ်ပုံမှတ်တမ်းများသည် တိုက်ခိုက်မှုများ၊ ခြိမ်းခြောက်မှုများ ပိုမိုဖြစ်ပေါ်လာစေရန် မီးမွှေးပေးမည့် လျှပ်စစ်မိုးကြိုးသွားနှယ် ဖြစ်နေပါသည်။ ယခု ဆောင်းပါး အပေါ်တွင်လည်း အလားတူ တုံ့ပြန်တိုက်ခိုက်မှုများ ကြုံကြရပါလိမ့်ဦးမည်။

သို့သော်လည်း အမှန်တရားအတိုင်း ဖြစ်စေရန် အချိန်ယူရဦးမည်ဟု မိမိတို့ မျှော်လင့်ထားပါသည်။ Burma Campaign UK အနေဖြင့် ဤသို့ဘက်လိုက်သည်ဟု အထင်ခံရစေရန် မည်သည့်အကြောင်းအချက်၊ မည်သည့်အကျိုးစီးပွားများ ရှိနေပါ သနည်း။

မိမိတို့ အဓိကဆောင်ရွက်နေကြသည့် ခေါင်းစဉ်မှာ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကိစ္စသာ ဖြစ်ပါသည်။ ယခုကိစ္စ အပေါ် နှစ် ၂ဝ ကျော် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများလည်း ဖြစ်ပါသည်။ မည်သည့် အတွက်ကြောင့် လူများက လိမ်လည်စွပ်စွဲမှုများကို အလွယ်တကူ ယုံကြည်နေကြပါသနည်း။ သူတို့အရေး တက်ကြွစွာ အားကျိုးမာန် တက် ထောက်ခံ ဆောင်ရွက်နေကြသူများအပေါ် မကောင်းပြောဆိုချက်များကို လူအများက မည်သည့်အတွက် အလွယ်တကူ လက်ခံနေ ကြပါသနည်း။ လိမ်ညာပြောဆိုမှုများကို အတင်းစကားမဆိုမီ၊ အခြားသူများထံ မဖြန့်ဝေမီ မည်သည့်အတွက်ကြောင့် အမှန်တရားကို မမေးမြန်းဘဲ နေကြပါသနည်း။

Burma Campaign UK အဖွဲ့နှင့် သဘောထား မတူညီသူများသည်ပင်၊ သဘောထားကွဲလွဲရုံမျှနှင့် ခြိမ်းခြောက်
စော်ကားမှုများ လက်ခံရရှိသင့်ပါသလော၊ ဤသို့ လက်ခံရရှိသည်မှာ မှန်ကန်ပါ၏လောဟု ပြန်၍ မေးခွန်းထုတ်လို ပါသည်။ ဤသည်မှာ အာဏာရှင်စနစ်တွင် ထားရှိကြသည့် ချည်းကပ်ပုံမျိုး၊ စိတ်နေစိတ်ထား မျိုးသာ ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်တွင် ဆောင်ရွက်ကြသည့် နည်းမှန်လမ်းမှန် မဟုတ်ပါ။ လူအများက လိမ်ညာမှုများကို အလွယ်တကူ လက်ခံယုံကြည်နေကြသည့်အချိန်၌ သူတို့ကိုယ်တိုင်လည်း ပြန်၍ မေးခွန်းထုတ်ကြည့်ကြရန် အထူးလိုအပ်နေပါသည်။

ပြီးခဲ့သည့်လက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ကြေကွဲဖွယ်အဖြစ်ဆိုးများနှင့် ၎င်းကိစ္စအပေါ် လူတို့၏ တုံ့ပြန် ခံစားနေရ မှုများသည် မြန်မာနိုင်ငံအပေါ် အရိပ်မဲလွှမ်းမိုးနေပါသည်။ အကြမ်းဖက်မှုများနှင့် သည်းညည်းခံလိုစိတ် မရှိသည့်အခြေ အနေက ခိုင်မာခြေကုတ်ရလာပါသည်။ မြန်မာပြည်သူများက သူတို့၏ အနာဂတ်ကို ဤသို့မြင်လိုကြ ပါ၏လော။ မေးခွန်း ထုတ်ဖွယ် ရှိပါသည်။

ဒီမိုကရေစီရရှိရေးကိစ္စ၏ အကြောင်းအချက်များအနက် တခုမှာ မတူကွဲပြားမှု အငြင်းပွားမှုများကို တွေ့ဆုံဆွေးနွေး၊
ငြင်းခုန်ဖြေရှင်းခြင်းဖြင့် နိုင်ငံရေးအရ ဖြေရှင်းကြရန် မဟုတ်ပါလော။ အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများဖြင့်
ဖြေရှင်းကြရန် မဟုတ်ပါ။

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုသည် အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုသာ ဖြစ်ပါသည်။ ထို့အတူ လူ့အခွင့်အရေး၊ သည်းညည်းခံမှု ရှိစေရေးနှင့် တန်းတူညီမျှမှုအတွက် လှုပ်ရှားမှုလည်း ဖြစ်စေသင့်ပါကြောင်း။

မာ့ခ် ဖာမနာ (Mark Farmaner) သည် အင်္ဂလန်နိုင်ငံတွင် မြန်မာ့အရေးလှုပ်ရှားနေသည့် Burma Campaign UK အဖွဲ့၏ ဒါရိုက်တာ ဖြစ်ပါသည်။

Mark Farmaner ရေးသားသည့် Supporting Rohingya human rights draws ugly attacks ဆောင်းပါးကို ဆီလျော် အောင် ပြန်ဆိုဖော်ပြပါသည်။

ပါကစ္စတန်သမ္မတနဲ့ အိန္ဒိယ၀န်ကြီးချုပ်တို့ မြန်မာနိုင်ငံကို လာမည်

မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးဖို့နဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့ ပါကစ္စတန်နိုင်ငံ သမ္မတ မစ္စတာဇာဒါရီဟာ မြန်မာနိုင်ငံကို နှစ်ရက်တာ ခရီးစဉ်အဖြစ် ဒီကနေ့ ရောက်လာဖို့ ရှိပါတယ်။

မစ္စတာဇာဒါရီဟာ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့ နေပြည်တော်ကနေ ရန်ကုန်မြို့ကို သီးသန့် သွားရောက် လိမ့်မယ်လို့လည်း ပါကစ္စတန် အစိုးရအရာရှိတွေက ပြောပါတယ်။ ဒီအတောအတွင်းမှာပဲ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းကလည်း မြန်မာနိုင်ငံကို လာမယ့်မေလမှာ သွားရောက် လည်ပတ်မှာ ဖြစ်ကြောင်း အိန္ဒိယ အစိုးရ သတင်းရပ်ကွက်ကနေ သိရပါတယ်။ အိန္ဒိယ ၀န်ကြီးချုပ်ဟာ မြန်မာ အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှာဖြစ်ပြီး BIMSTEC ခေါ် ဘင်္ဂလားပင်လယ်အော် နိုင်ငံများ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီး အစည်းအဝေးကိုလည်း တက်ရောက်မှာ ဖြစ်ကြောင်း သိရပါတယ်။ တနင်္ဂနွေနေ့က မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ နယူးဒေလီမြို့ကို ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာ မေလ ၁၀ ရက်က ၁၂ ရက်ထိ လည်ပတ်မယ့် အိန္ဒိယ ၀န်ကြီးချုပ်ရဲ့ ခရီးစဉ်အတွက် နိုင်ငံခြားရေး ၀န်ကြီး အက်စ်အမ် ခရီစ္စနာနဲ့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယ မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နယ်စပ်ဒေသ ငြိမ်းချမ်းရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေးတွေမှာ ပိုမိုတိုးမြင့်ရန် လိုအပ်ကြောင်း ဒုတိယ ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်နဲ့ အိန္ဒိယ ပြည်ထဲရေး အတွင်းရေးမှူး အာရ်ကေတို့က ပြီးခဲ့တဲ့ ကြာသပတေးနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်းဝေးမှာ ထပ်မံ ပြောဆိုခဲ့ကြပါတယ်။

ချောင်းရေကျသွားသော်လည်း ဒုက္ခသည်စခန်းမှ ရေဘေးသင့် သူများ ယာယီနေရာတွင် ရှိနေဆဲ


သြဂုတ်လ ၉ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်၊ မဲ့စရင်းမြို့နယ်ရှိ မယ်ရာမိုနှင့် မယ်လအူး ဒုက္ခသည်စခန်းကို ယခုလဆန်းပိုင်းက နစ်မြုပ်ခဲ့ သည့် မှိုင်းလုံကြီး(မူယူ)ချောင်းရေသည် ယခုရက်ပိုင်းအတွင်း လျော့ကျသွားသော် လည်းရေဘေးဒုက္ခသည်များမှာ မိမိနေအိမ် သို့ ပြန်လည်နေထိုင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“ရေတော့ ပြန်ကျသွားပါပြီ။ ဒါပေမယ့် လောလောဆယ် ဒုက္ခသည်တွေ သူတို့အိမ်ကို လုံးဝ ပြန်နေလို့မရသေးဘူး။ သူတို့အိမ် တွေ အကုန်လုံး ပျက်စီးသွားတယ်လေ။ အထူးသဖြင့် ရပ်ကွက် ၆နဲ့ ရပ်ကွက် ၇ပေါ့။ အခု ဆေးရုံ၊ ကျောင်း၊ ဘုရားကျောင်းတွေ မှာ ခိုလှုံနေရတုန်းပဲ။ ရေလျော့ကျသွားပေမယ့် မိုးဆက်တိုက် ထပ်ရွာလို့ရှိရင် စိုးရိမ်ရတဲ့ အခြေအနေမှာရှိတုန်းပဲ။”ဟု စခန်း တွင်းရှိ Karen Refugee Committee Education Entity (KRCEE) အတွင်းရေးမှူး စောကော်မူက ပြောသည်။

အဆိုပါ မိုးသည်းထန်စွာ ရွာသွန်း၍ မူယူချောင်းရေကြီးမှုကြောင့် လူနေအိမ်၊ ရိက္ခာဂိုဒေါင်များသာ ပျက်စီးပြီး လူအသေအ ပျောက်မရှိကြောင်း ဒုက္ခသည်တာဝန်ရှိသူများက ပြောဆိုကြသော်လည်း ထိုင်းသတင်းများ၏ ရေးသားဖော်ပြချက်အရ မယ်လ အူးဒုက္ခသည်စခန်းနှင့် မဲ့စလဲ့ကျေးရွာကြားတွင် ဒုက္ခသည်မဟုတ်သူ ၃ဦးသေဆုံးပြီး ၅ဦးပျောက်ဆုံးနေသည်ဟု ဆိုသည်။

ထိုသို့ ရေများ လျော့ကျလာသော်လည်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် အနည်းဆုံး ၂ပတ် သို့မဟုတ် ၃အထိအ ချိန်ယူရမည်ဖြစ်သလို ရေနစ်မြှုပ်မှုကြောင့် ဒုက္ခသည်များသည် မိုးထဲရေထဲတွင် သွားလာလှုပ်ရှားနေရသောကြောင့် ကျောင်း နေအရွယ်ကလေးငယ်များမှာ ဖျားနာမှုများရှိသည်ဟု စောကော်မူက ပြောသည်။

၎င်းက “ပျက်စီးသွားတဲ့ အိမ်တွေ၊ တံတားတွေကို ပြန်လည်ပြုပြင်ရမယ်ဆိုတော့ ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ဖို့က အနည်းဆုံး အချိန် ၁လလောက် ယူရအုံးမယ်။ ကလေးတွေလည်း မိုးထဲရေထဲမှာ သွားလာနေရတော့ တချို့ဖျားနာတာလည်း ရှိသလို နောက်ဆက်တွဲအဖြစ် ၀မ်းလျောတာတွေလည်း ရှိတယ်။”ဟု ပြောသည်။

ယခုအချိန်တွင် မယ်ရာမိုနှင့် မယ်လအူးစခန်းများမှ ၎င်းရေဘေးဒုက္ခသည်များအတွက် အရေးပေါ်လိုအပ်သည့် အကူအညီများ ကို ဦးစွာ လုပ်ဆောင်ပေးနေသည်ဟု ကရင်ဒုက္ခသည်ကော်မတီ(KRC)ဥက္ကဌ စောရောဘတ်ထွေးက ကေအိုင်စီကို ပြောသည်။

သူက “ကားလမ်းကတော့ သွားလို့ရပြီဆိုပေမယ့် ပစ္စည်းတွေကို ခက်ခက်ခဲခဲ ယူသွားရတာပေါ့။ အိမ်ပျက်စီးသွားတဲ့လူတွေအ တွက် အရေးပေါ်အဖြစ် တာလပတ်အမိုးအကာတို့ သွားပေးတယ်။ အ၀တ်အစားတချို့လည်း ပါတယ်။ စခန်းနဲ့နီးတဲ့ ထိုင်း ကျေးရွာတချို့လည်း ရေနစ်မြှုပ်တာ ခံရတာ။ အသေအပျောက်လည်း ရှိတယ်လို့ သိရတယ်။”ဟု ပြောသည်။

ဒုက္ခသည်စခန်း ၂ခုတွင် ဒုက္ခသည် ၂,၀၀၀ကျော် ရေဘေးသင့်ခဲ့ပြီး မယ်ရာမိုဒုက္ခစခန်းမှ လူနေအိမ် ၄၀၆လုံး၊ မူယူချောင်းကို ဖြတ်ကျော်သည့် ကြိုးတံတားကြီး အပါအ၀င် စခန်းရှိ တံတားငယ် ၁၀စင်း၊ ရိက္ခာဂိုဒေါင် ၃လုံးမှ ဆန်အိတ် ၂၉၇၀အိတ်၊ ဆား ၆၃အိတ်၊ ပဲ ၃၃၂အိတ်၊ စားသုံးဆီ ၁၃၆ပုံး၊ Asia Mix (ဂျုံမှုန့်) ၂၅၅အိတ်၊ ငါးပိ ၆၅ပုံး ပျက်စီးသွားခဲ့ပြီး မယ်လအူးစခန်းတွင်မူ နေအိမ် ၅၉လုံးနှင့် စာသင်ကျောင်း ၂ကျောင်း ပျက်စီးခဲ့သည်ဟု (KRC)၏ မှတ်တမ်းအရ သိရသည်။


ကမ္ဘာ့ အကြီးဆုံး မိသားစု

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဘခ်တောင် ကျေးရွာမှ ဇီရိုနာ ချန်နာ ဆိုသူမှာ ဇနီး ၃၉ ယောက်ရှိပြီး သားသမီး ၉၄ ယောက်၊ ချွေးမ ၁၄ ယောက်နှင့် မြေး ၃၃ ယောက် ပိုင်ဆိုင်ထားသည်။ သူ့ရဲ့ ကမ္ဘာ့အကြီးဆုံး မိသားစု
အတွက် ဂုဏ်ယူမဆုံးလည်း ဖြစ်နေသည်။

ထိုမိသားစုများမှာ ဘခ်တောင်ကျေးရွာမှ အခန်း ၁၀၀ ပါ လေးထပ်တိုက်ကြီးတွင် နေထိုင်ကြသည်။ သူ့ဇနီးများက မစ္စတာ ချန်နာနဲ့ တစ်ညတစ်ယောက် အလှည့်ကျ အိပ်ကြရသည်။ ဇနီး ၃၉ ဦးကြားတွင် ပြဿနာ တစုံတရာ မရှိဘဲ အားလုံး ပျော်ရွှင် ကျေနပ်နေကြသည်ဟု ဒေးလီးမေးလ် သတင်းစာက ဖော်ပြသည်။
မစ္စတာချန်နာက “ဘုရားသခင်က ကျနော်ကို အထူး စပယ်စောင့်ရှောက်တယ်လို့ အမြဲခံစားမိပါတယ်။ ဇနီးတွေ သားသမီး တွေ အများကြီးစောင့်ရှောက်ဖို့ ဘုရားသခင်က အခွင့်ပေးထားတာပါ၊ ကမ္ဘာ့အကြီးဆုံး မိသားစု တစ်စုကို ဦးဆောင် နေရသူပေါ့” ဟု သတင်းစာကို ဂုဏ်ယူ ပြောဆိုခဲ့သည်။
မစ္စတာချန်နာ က မိသားစုကို စစ်တပ် စည်းကမ်းဆန်ဆန်နဲ့ ဖွဲ့စည်းထားသည်။ အကြီးဆုံး မယား ဇာသီယန်ဂီ က အခြား မယားများကို သန့်ရှင်းရေးမှအစ ချက်ပြုတ် လျှော်ဖွတ် အိမ်မှုကိစ္စအားလုံးကို ဦးဆောင်စီမံ ကွပ်ကဲသည်။ ညနေစာ တစ်ပွဲစာ စီစဉ်လျှင် ကြက်အကောင် ၃၀၊ အာလူး ၁၃၂ ပေါင်နဲ့ ဆန် ၂၂၀ ပေါင် ချက်ရသည်။
မစ္စတာချန်နာက သူ့မိသားစု ထပ်ချဲ့ဖို့အတွက် မိန်းမငယ်ငယ်များ ထပ်ယူဖို့ စဉ်းစားနေကြောင်းလည်း ပြောခဲ့သည်။ စိတ်ဝင်စားသူများ ဒေးလီးမေးလ် သတင်းစာကတဆင့် ဆက်သွယ်နိုင်ကြောင်း မောင်းခတ် ကြေငြာထားသည်။ တစ်နှစ်ထဲ တွင် မိန်းမ ဆယ်ယောက် လက်ထပ်ခဲ့သည်။ အလှည့်ကျ ခွဲတမ်းစနစ် ထားသော်လည်း အငယ်ဆုံး ဇနီးမယားများကို မျက်နှာသာပေးပြီး သူ့အိပ်ယာကျယ်ထဲတွင် ပိုခေါ်သိပ်တတ်ကြောင်း ပြောသည်။
အသက် ၃၅ နှစ်ရှိ ရင်းခ်မီနီ ဆိုတဲ့ ဇနီးက “ချန်နာက ကျမတို့ ရွာမှာ အချောဆုံး လူပဲ။ လွန်ခဲ့တဲ့ ၁၈ နှစ်က ကျမကို လက်ထပ်ဖို့ စာပေးခဲ့တယ်။ အခု ကျမတို့ အားလုံး သူ့ကို အရိပ်တကြည့်ကြည့်နေပြီး ဖြည့်ဆည်းပေးကြတယ်” ဟု ပြောဆိုသည်။
နောက် ဇနီးတစ်ယောက်ဖြစ်သူ ဟန်သာဂန်ကီ က “မိသားစုစနစ်ကတော့ တစ်ဦးကိုတစ်ဦး အပြန်အလှန် ချစ်ခင်မှု လေးစားမှု ထားကြတာပါပဲ။ ချန်နာက ရွာက အဆင်းရဲဆုံး မိန်းကလေးတွေကို စောင့်ရှောက်တဲ့ အနေနဲ့ လက်ထပ်ယူတာ၊ သူ့အဖေတုန်းကလည်း ဇနီးတွေအများကြီး ယူခဲ့တယ်” ဟု ပြုံးရွှင်စွာဖြင့် ပြောဆိုခဲ့သည်။

World Refugee Day (Japan)


KNL-Japan -

Letter to Youth around the world


Letter to Youth around the world. -