Slider

Recent Tube

Wisata

News Scroll

Favourite

Event

Culture

Gallery

» » ခေါင်းစဉ်မဲ့ ကွဲပြားခြားနားမှုများ

ကျမငယ်စဉ်ကလေးဘ၀ အလယ်တန်းကျောင်းတက်ကာစက ကျမတို့မိသားစုဟာ အိမ်ငှားဘ၀နဲ့နေခဲ့ရပါတယ်။ ကျမ တို့ မိသားစုငှားနေခဲ့ရတဲ့အိမ်က အတန်အသင့်ကျယ်ဝန်းတဲ့ခြံထဲမှာ ကျွန်းအိမ်ကြီးတလုံးရဲ့အောက်ထပ် ခေါင်းရင်းဘက် ခန်းပါ။ ခြေရင်းခန်းကလဲ ကျမတို့လို အိမ်ငှားတွေပါပဲ။ အစ္စလမ်ဘာသာဝင် မူဆလင်တွေပါ။ ကျမတို့ အိမ်ရှင်မိသားစု ကတော့ အိမ်ကြီးရဲ့အပေါ်ထပ်မှာနေကြပါတယ်။ ရခိုင်လူမျိုးမိသားစုပါ။ အဖွားပုချေက အိမ်ရှင်အဖွားပါ။ အဖွားပုရဲ့ သမီး အငယ်က ကျမတို့ရဲ့ မူလတန်းက ဆရာမပါ။ ခြေရင်းခန်းက မိသားစုကတော့ အာမက်နဲ့ ဟူစိန်ဆိုတဲ့ သား ၂ ယောက်နဲ့ ဆာဝီ ဆိုတဲ့ သမီးလေးတယောက်ရှိပါတယ်။ ကျမတို့ကလဲ မောင်နှစ်မ ၃ ယောက်ပါ။ ကျမရဲ့မောင်လေး မောင်မောင်နဲ့ အကြီးကောင်လေး အာမက်က ရွယ်တူပါ။ ကျမ ညီမလေးနဲ့ ဟူစိန် ကလဲ အတန်းတူပါ။ အငယ်ဆုံးလေး ဆာဝီက ၃ နှစ် လောက်ပဲရှိပါသေးတယ်။

ကျမတို့မိဘတွေက အလုပ်တဖက်နဲ့မို့ နေ့လည် ကျောင်းဆင်းချိန်မှာတော့ အိမ်ရှင်အဖွားပုက ကျမတို့ကို ထိန်းပေးကြည့် ပေးပါတယ်။ အမေက မနက်ထဲကစီစဉ်ပေးခဲ့တဲ့ ထမင်းနဲ့ဟင်းတွေကို အဖွားပုက ကျမတို့ကျောင်းပြန်လာချိန်မှာ စားဖို့ ပြင်ဆင်ပေးပါတယ်။ ရေချိုး၊ ထမင်းကျွေးအလုပ်ကို ဂရုစိုက်ပြီးလုပ်ပေးပါတယ်။ အဲ့ဒီအတွက် ကျမတို့အမေက ဖွားပုကို လစဉ်ငွေကန်တော့ပါတယ်။ ခြေရင်းခန်းက အာမက်တို့ မောင်နှစ်မတွေကိုလဲ တခါတလေသူတို့အမေက မြို့ထဲ သူတို့ အဖေဆိုင်ကို လိုက်သွားတဲ့အခါ ဖွားပုပဲကြည့်ပေးရပါတယ်။ အာမက်တို့အဖေက မြို့ထဲမှာ လျှပ်စစ်ပစ္စည်းဆိုင် ဖွင့်ထား ပါတယ်။ ကျမတို့အခန်း၊ ဖွားပုတို့အပေါ်ထပ် တအိမ်လုံးရဲ့လျှပ်စစ်နဲ့ပတ်သက်တာမှန်သမျှ အာမက်အဖေက အကုန်တာ ၀န်ယူပြင်ပေး၊ တပ်ဆင်ပေးပါတယ်။ အာမက် အမေက ကျမ ကြည့်ဖူးတဲ့ အိန္ဒ္ဒိယကားထဲက မင်းသမီးနဲ့တူပါတယ် အ သားဖြူဖြူနဲ့ မျက်လုံးဝိုင်းဝိုင်း မျက်တောင်မွှေး ရှည်ရှည်ကော့ကော့နဲ့ အရမ်းလှပါတယ်။ အငယ်မလေး ဆာဝီကလဲ ကော် ပတ်ရုပ်လေးလို လှပါတယ်။

အာမက်နဲ့ ဟူစိန်ညီအကို ၂ ယောက်မှာတော့ အာမက် သွက်လက်ပြီး ဉာဏ်ကောင်းပါတယ်၊ စွာလဲစွာပါတယ်။ ဟူစိန်က တော့ အေးဆေးပြီးကြောက်တတ်ပါတယ်။ အာမက်နဲ့ ကျမမောင်လေးကတော့ တခြံလုံးပြောင်းဆန်အောင်ဆော့ကြလို့ ဖွားပုရဲ့အအော်အငှောက် အမြဲခံရပါတယ်။ ဟူစိန်ကတော့ ကျမညီမလေးရဲ့ အနိုင်ကျင့်ခံရတဲ့ ကလေးပါပဲ။ ဟူစိန့် ခဲတံ လှလှလေးတွေ၊ ခဲဖျက်လှလှလေးတွေဟာ ကျမညီမကြောင့် ပျောက်ရပေါင်းမနဲပါဘူး။ ဒါပေမဲ့ ဟူစိန်က ဘယ်တော့မှ စိတ်မဆိုးခဲ့ပါဘူး။ အေးဆေးတဲ့ ဟူစိန်ဟာ ဖွားပုရဲ့အသည်းပါ။ ကျမတို့လို အကဲတွေထက် သူ့ပြောစကားကို နားထောင် တဲ့ ဟူစိန်ဟာ ဖွားပုရဲ့အချစ်ဆုံးပါ။

ကျမတို့ရဲ့မနက်စာ ပဲပြုတ်နဲ့ ထမင်းကြော်ကို ကျမ အလွန်မုန်းပါတယ်။ အမေ ထမင်းကြော်နေချိန်မှ အာမက်တို့ အမေ ကလဲ ဂျုံလုံးလေးတွေကို ဒလိမ့်တုံးလေးနဲ့ပြားကာ ဦးကင်းပူကပ်တဲ့ ချာပါတီဟာ သူတို့ရဲ့မနက်စာပါ။ ကျမက ထမင်း ကြော် မစားချင်လို့ ဂျီးများချိန်မှာ ဟူစိန်ကလဲ ချာပါတီမစားချင်လို့ ဂျီကျပါတယ်။ ဟူစိန်စားချင်တာက ကျမတို့ရဲ့ နနွင်း ၀ါဝါနဲ့ ထမင်းကြော် ကျမစားချင်တာကလဲ သူ့အမေရဲ့ချာပါတီ၊ နောက်ဆုံးတော့ အမေထမင်းကြော်ရင် ဟူစိန်အတွက် တပန်ကန်ပေးရသလို ကျမအတွက်လဲ သူ့အမေက ချာပါတီ အမြဲပေးရပါတယ်။

ကျမတို့ မောင်နှစ်မတွေအပေါ်မှာ ဖွားပုက သူ့မြေးတွေလိုသဘောထားပါတယ်။ တခါတလေ ကျမတို့ ကဲလွန်း ဆိုးလွန်း လို့ အမေကရိုက်ရင် ဖွားပုက ၀င်ဆွဲပြီးအပေါ်ထပ်မှာ ဝှက်ထားပါတယ်။ အာမက်တို့ အရိုက်ခံရရင်လဲ ဒီလိုပါပဲ။ ဖွားပုက ကျမတို့ အားလုံးကို တကယ်ဂရုစိုက်ပါတယ်။ ကလေးတွေကို မရိုက်ရဘူးလို့ အမြဲပြောပါတယ်။ ဒါပေမဲ့ တခါသားက တော့ ဖွားပုက မောင်မောင်နဲ့ အာမက်ကို ရိုက်တာ ခြေသလုံးလေးတွေမှာ အရှိုးရာလေးတွေစီနေတာပါပဲ။ ဖြစ်ပုံကတော့ ကျောင်းဆင်းလာပြီး ခြံထဲမှာ ဂေါ်လီပစ်တန်းကစားနေရာကနေ ၂ ယောက်သား ငြင်းကြပါတော့တယ်။ ကလေးတွေမို့ နိုင်ရပြီးရော အော်ဟစ်ငြင်းကျတာ နောက်ဆုံးတော့ ရန်ဖြစ်ပါတော့တယ်။ တယောက်နဲ့တယောက် အနိုင်မခံဘဲ မောင် မောင်က ကုလားကုလား –ီးတွေစား၊ အာမက်ကလဲ အနိုင်မခံ ဗမာဗမာ –ီးတွေပါ လို့ အော်နေကြတာ ဖွားပု ကြိမ်လုံး လေးကိုင်ပြီး အပေါ်ထပ်ကဆင်းလာက ၂ ယောက်လုံးကိုရိုက်တော့မှပဲ အအော်ရပ်ကာ ငိုကြပါတော့တယ်။

ဖွားပုကလဲ ၂ ယောက်လုံးကို နောက်ဒီလိုပြောကြဦးမလား၊ အော်ကြဦးမလား ဆိုကာကြိမ်လုံးလေးနဲ့ မေးမေးပြီးရိုက်ပါ တယ်။ ညနေ မိဘတွေပြန်လာကြချိန်မှာတော့ ဖွားပုပြန်ပြောလို့ အကြောင်းစုံသိကြပြီး ၂ ယောက်လုံး ထပ်ရိုက်ခံကြရပါ တယ်။ အာမက် အဖေကလဲ နောင်ကို ဒီလိုမဖြစ်စေရပါဘူးလို့ ကျမတို့အဖေကို ပြောလာသလို ကျမတို့အဖေကလဲ က လေးတွေနောက်မဖြစ်အောင် ထိန်းပါမယ်လို့ ပြန်ဖြေခဲ့ပါတယ်။ ဖွားပု ခမျာလဲ စိတ်တိုလို့ရိုက်ပြီး စိတ်မကောင်းဖြစ်နေရှာ ပါတယ်။ အဲ့ဒီနေ့ညက ဖွားပုက အာမက်နဲ့မောင်မောင်ကို သူအိမ်ပေါ်ခေါ်သိပ်ပါတယ်။ ဖွားပုဟာ ကျမတို့မောင်နှစ်မတွေ နဲ့ အာမက်တို့ မောင်နှစ်မတွေကို တကယ်ဂရုစိုက်ခဲ့တာပါ။

နောက်ထပ် ဖွားပု စိတ်ဆိုးပြီး ရိုက်တာကတော့ ကျမကိုပါ။ ကျမက ကလေးတွေထဲမှာ အကြီးဖြစ်ပေမဲ့ အင်မတန် ကဲပါ တယ်။ စွာတတ်တဲ့ အာမက်ကို သိပ်ကြည့်မရပေမဲ့ အေးဆေးတဲ့ ဟူစိန်ကိုတော့ ကျမလဲ အနိုင်ကျင့်ချင်ပါတယ်။ တရက် မှာတော့ လူကြီးတွေမရှိခိုက်မှာ ဟူစိန်ကို အိမ်ထဲခေါ်ကာ တံခါးပိတ်ပြီး ဘုရားရှိခိုးခိုင်းပါတယ်။ ပါးစပ်ကလဲ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ – အစချီပြီး သရဏဂုံ ၃ ပါးကို ဆိုခိုင်းပါသေးတယ်။ ဟူစိန်ကတော့ ကျမကိုကြောက်လို့ ခိုင်းတဲ့အတိုင်းလုပ်ပေမဲ့ အာမက် သိသွားကာ ဖွားပုနဲ့ တိုင်ပါတော့တယ်။ ကျမကို ဖွားပုရိုက်ပါတယ်။ ခြေထောက်မှာအရှိုးရာတွေနဲ့ပါ။ ဒါပေမဲ့ ဖွားပုက အာမက်နဲ့ ဟူစိန်ကို ချော့မော့ပြီး သူတို့မိဘတွေကိုမပြောဖို့ ပိတ်ထားခဲ့ပါတယ်။ အာမက်လိုချင်တဲ့ ပလပ်စတစ် ကားလေးဝယ်ပေးခဲ့သလို ဟူစိန်ကြိုက်တဲ့ အုန်းမွှေးလုံးရေခဲချောင်း ကျွေးကာချော့ထားခဲ့တာပါ။ ကျမကိုတော့ အမေ့ကို တိုင်ကာ ထပ်ရိုက်ခိုင်းပါတယ်။ နောင်ကို ဒီလိုဘယ်တော့မှ မလုပ်ရဘူးလို့လဲ ဆုံးမပါတယ်။ ဒီကိစ္စဟာ ကံကောင်းစွာနဲ့ အသာပဲပြီးသွားပါတယ်။ ကျမလဲ အမေနဲ့အဖေရဲ့ အပြစ်ပေးတာတွေခံလိုက်ရပါတယ်။

အဲဒီအချိန်ထဲက အာမက်တို့မိဘတွေ စကားပြောရင် ကရာချိန် ကရာချိနဲ့ အမြဲကြားနေခဲ့တာ ဘာမှန်းမသိခဲ့ပါဘူး နောက် မှ ပါကစ်စတန်နိုင်ငံ ကရာချိမြို့ဆိုတာ သိရပါတယ်။ ကရာချိမှာ အာမက်မိဘတွေရဲ့အမျိုးတွေရှိကြပါတယ်။ အာမက်အ ဖိုး က ဗလီဆရာလို့ ပြောကြပါတယ်။ အစ်ပွဲတော်ချိန်မှာတော့ အာမက်တို့အိမ်က စမိုင်နံ့ဟာ မကြိုက်တဲ့ ကျမကို ခေါင်း ကိုက်စေပေမဲ့ အာမက်အမေချက်ကျွေးတဲ့ ဆိတ်သားဟင်းကိုတော့ အခုထိမမေ့နိုင်ပါဘူး။ ကျမတို့ အတူတူနေခဲ့ကျတာ ၃ နှစ်နီးပါး ပါပဲ။

ကျမတို့မိသားစု အိမ်ပြောင်းခဲ့ပြီးနောက်မှာတော့ အာမက်တို့မိသားစုတခုလုံး ကရာချိကို အပြီးပြောင်းသွားပါတယ်။မောင် မောင်နဲ့ အာမက်အတန်းတူမို့ သူတို့ပြောင်းသွားတာ သိရပါတယ်။ ကျမတို့လဲ ချစ်စရာကောင်းတဲ့ ဆာဝီလေးကို သတိယ နေခဲ့ပါတယ်။ ဖွားပုဆုံးတာလဲ ၁၀ နှစ်ကျော်ပါပြီ။

လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတော့ အာမက် ရန်ကုန်ကိုအလည်ပြန်လာပါတယ်။ နေခဲ့တဲ့ရပ်ကွက်ကို ရောက်လာကာ ဖွားပု နဲ့ ကျမတို့ရဲ့ဆရာမကို လာကန်တော့ပါတယ်တဲ့၊ ဖွားပုကိုတော့ အာမက်မတွေ့ရတော့ပါဘူး။ မိတ်ဆွေဟောင်းတွေနဲ့ ဆက်စပ်ပြီး ကျမတို့မိသားစုကိုလဲ ရအောင်ရှာပြီးလာတွေ့ပါတယ်။ မောင်မောင်နဲ့လဲတွေ့ပြီး ခရီးတွေထွက်ကြပါသေး တယ်။ ကျမတို့ ညီအမအတွက် ကုလားအုပ်သားရေကို လက်နဲ့ချုပ်ထားတာဆိုတဲ့ ပိုက်ဆံအိတ်လေးတွေလဲ လက် ဆောင်ပေးပါတယ်။ သူ့မိသားစုအကြောင်းပြောတော့ သူနဲ့ ဆာဝီ အိမ်ထောင်ကျပြီး သူ့အမေဆုံးသွားပြီလို့ သိရပါတယ်။

ဟူစိန် အကြောင်းမေးတော့ မျက်နှာသိပ်မကောင်းပါဘူး။ ဟူစိန်ဟာ သူ့တို့ ဦးလေး တရားဟောဆရာတွေနဲ့ အတူနေရာ ကနေ ဘာသာရေး အစွန်းရောက်သူအဖြစ်နဲ့ အိမ်ကနေ ထွက်သွားပါတယ်။ သူ့အမေလဲ ဟူစိန့်စိတ်နဲ့ပဲ ဆုံးရှာတယ်တဲ့။ အဖေကတော့ ဘာသာရေးအစွန်းရောက်သူကနေ လက်နက်ကိုင်တယောက်ဖြစ်သွားတဲ့သားကို စိတ်နာကာ ဒူဘိုင်းမှာ ပြောင်းနေပါတယ်တဲ့။ သူနဲ့ ဆာဝီတို့မိသားစုတွေလဲ မကြာခင် ဒူဘိုင်းမှာပြောင်းနေကြမယ်လို့လဲ ပြောပါတယ်။ ကျမတို့ အံ့သြမိကြပါတယ်။ ဟူစိန်လို အေးဆေးပြီးကြောက်တတ်တဲ့ လူငယ်လေးတယောက်ဟာ အစွန်းရောက် လက်နက်ကိုင် တယောက် ဖြစ်အောင်ပြောင်းလဲသွားတဲ့ ကံအကြောင်းတရားကို အံ့သြမိကြပါတယ်။ အေးဆေးတဲ့ ဟူစိန်ကို အချစ်ပိုခဲ့ တဲ့ ဖွားပုတယောက် ဘယ်လိုများမှတ်ချက်ချမယ်မသိပါဘူး။

လွန်ခဲ့တဲ့၂ ပတ် ၃ ပတ်လောက်ထဲကစပြီး မိုက်ရိုင်းယုတ်မာတဲ့ အမှိုက်စ ၃ စ ကနေ ဖြစ်ပေါ်လာတဲ့ လူမျိုးရေး ဘာသာ ရေး ဘယ်လိုခေါင်းစဉ်ပဲတပ်တပ် ရည်ရွယ်ချက်မဲ့ တယောက်ကိုတယောက် အနိုင်ကျင့်ပြီး လူပေါင်းများစွာ အသက်သေ ရ အိုးအိမ်ပစ္စည်းဥစ္စာများ ဆုံးရှူံးရတဲ့ထိ ဖြစ်လာပြီး အရေးပေါ်အခြေအနေတောင် ကြေညာခဲ့ရတဲ့ ကျမတို့ရဲ့ ရခိုင်ပြည် နယ် အကြောင်းကို မြင်ရကြားရတဲ့အခါမှာတော့ အာမက်တို့ မိသားစုကို သတိရမိပါတယ်။ လက်နက်ကိုင်တွေ ပါလာ တယ်ဆိုတာ ကြားမိတော့လဲ ဟူစိန်လို အစွန်းရောက်သွားရတဲ့ လူငယ်လေးတွေကို မျက်စိထဲ မြင်မိပါတယ်။

ဘာသာမတူတာ လူမျိုးမတူတာ ယဉ်ကျေးမှုမတူတာတွေနဲ့ ကွဲပြားခြားနားနေကြပေမဲ့ အားလုံးဟာ လူသားတွေပါ။ ကံ အကြောင်း ၃ပါးလုံး တိုက်ဆိုင်ကာမှ ဆုံတွေ့ရမယ့် လူသားတွေပါ။ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုပြီး တယောက် ကိုတယောက် လက်ညှိုးထိုး အပြစ်တင်နေခိုက်မှာပဲ အသက်ပေါင်းများစွာဆုံးရှုံးနေကျရပါပြီ။ လူပေါင်းများစွာ ဒုက္ခ ရောက် နေကြရပါပြီ။ ပရွတ်ဆိတ်ကိုက်ရင်တောင် နာတတ်ကျတဲ့ ကျမတို့လူသားတွေ တယောက်ကိုတယောက် သေစေ လိုတဲ့စိတ်တွေနဲ့ တိုက်ခိုက်နေကြတာဟာ ကမ္ဘာဦးကလူရိုင်းတွေလို ဖြစ်မှန်းမသိ ဖြစ်နေကြပါပြီ။

ကျမတို့နိုင်ငံဟာ နှစ်ပေါင်း များစွာထဲက အခါပေါင်းများစွာ ဒဏ်ရာတွေ ရခဲ့ရပါတယ်။ အဲဒီဒဏ်ရာတွေဟာ တခုပြီးတခု ထပ်နေအောင်ရခဲ့ရပေမဲ့ ဘယ်တုန်းကမှ ဒဏ်ရာတွေပျောက်သွားအောင် မလုပ်နိုင်ခဲ့ပါဘူး။ ထပ်တိုးပြီးပဲ ရခဲ့တာပါ။ အခု လဲ ဒဏ်ရာသိပ်မကြီးခင်မှာ အလွတ်ရုန်းနိုင်ဖို့ လိုပါတယ်။ လူမျိုးရေး ဘာသာရေး ခေါင်းစဉ်တွေအောက်မှာ မွန်းကြပ်မ နေကြဘဲ နားလည်မှုတွေ တည်ဆောက်နိုင်ဖို့လိုပါတယ်။

အခုလို အဓိကရုဏ်းဖြစ်ရပ်ဟာ အကြောင်းပြချက်ကောင်းတခုဖြစ်ပြီး ကျမတို့မျှော်လင့်နေတဲ့ အလင်းရောင်တွေကို ပိတ် ပင်တားဆည်းဖို့ ဖြစ်သွားနိုင်ပါတယ်။ ကျမတို့ဟာ ၂၆ နှစ် တကြိမ် ၊ နောက်ထပ် အခုချိန်ထိ ၂၄ နှစ်တိုင်အောင် တကြိမ် အမှောင်ထုအောက်မှာ စမ်းတ၀ါးဝါးနေခဲ့ရပြီးပါပြီ။ အသက် ၅၀ ဆယ်အရွယ် လူတယောက်ရဲ့ ဘ၀ တခုစာပါ။ နောက် ထပ် .. နောက်ထပ် .. မနေနိုင်တော့ပါဘူး။ မနေချင်တော့ပါဘူး။ ကျမတို့အတွက် ယုံကြည်ရာလဲ သေချာအောင်မရှိသေး ပါဘူး။ ဒါကြောင့် ဘယ်လူမျိုး ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် တဦးနဲ့တဦးနားလည်မှုရှိဖို့ ယုံကြည့်မှုရှိဖို့ ၀ိုင်းဝန်းကြိုးစားရမှာ ပါ။ သွေးထိုးမြှောက်ပင့်မှုတွေ ခြိမ်းခြောက်အနိုင်ကျင့်မှုတွေကိုလဲ သတိထားရမှာပါ။ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်နေရာ ကိုယ့်ဒေသ အနီးဆုံး ကိုယ့်နံဘေးက လူတယောက်ကိုပဲဖြစ်ဖြစ် နားလည်ယုံကြည်နိုင်မယ်ဆိုရင်၊ နားလည်ယုံကြည် အောင် နေကြမယ်ဆိုရင် ကျမတို့ရဲ့ ရည်ရွယ်ချက်တွေပြည့်လာမှာပါ။ ကျမ ရင်ထဲ အသည်းထဲကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်းမိပါတယ် နောက်ထပ် ဘယ်လိုလူတွေမှ မထိခိုက်ကြပါစေနဲ့ အသက်၊ ပစ္စည်းဥစ္စာတွေ မဆုံးရှုံးကြပါစေနဲ့ အားလုံးသောလူတွေ အေးချမ်းစွာနဲ့နေထိုင်နိုင်ကျပါစေလို့ တကယ်ဆုတောင်းမိပါတယ်။

ကျမတို့မှာ အာမက်တို့လို ကွဲပြားခြားနားမှုတွေများပေမဲ့ အသိစိတ်တွေအပြည့်နဲ့ မိတ်ဆွေကောင်းတွေလဲ အများကြီးရှိပါ သေးတယ်။ မိတ်ဆွေကနေ ရန်သူဖြစ်မသွားအောင်လဲ ကျမတို့ကြိုးပမ်းရမှာပါ။ ဒီလိုကွဲပြားခြားနားမှုတွေရှိနေပေမဲ့ တဦး ကတဦးကို ကျူးကျော်စော်ကားတာမျိုး ကိုယ်စိတ်နှစ်ပါး ထိခိုက်အောင်လုပ်တာမျိုးတွေမရှိဘဲ နားလည်ယုံကြည်မှုတွေနဲ့ လေးစားခြင်းများနဲ့ နေထိုင်ကြမယ်ဆိုရင် ဒီလိုစိတ်ထိခိုက်စရာအဖြစ်ဆိုးတွေ ဖြစ်ပေါ်လာမှာမဟုတ်ပါဘူး။

တကယ်တော့ အပြစ်ကျူးလွန်တဲ့လူတွေဟာ ထိုက်သင့်တဲ့ပြစ်ဒဏ်ကို ခံကြရမှာပါ။ လူ့အဖွဲ့အစည်း အသိုင်းအ၀ိုင်းမှာ မကောင်းတာလုပ်ရင် အပြစ်ဒဏ်ပေးခံရတာဟာ သေချာပါတယ်။ တရားဥပဒေဆိုတာ လူ့ပတ်ဝန်ကျင်ကို ထိမ်းသိမ်း ကွပ်ကဲတဲ့ စည်းမျှဉ်းတွေပါ။ မှန်ကန်တဲ့တရားဥပဒေစိုးမိုးရေးရှိဖို့အတွက်လဲ အားလုံးကကြိုးပန်းရမှာပါ။ အခိုက်အတန့် လေးတခုရဲ့ အမှားဟာ ဒီလောက်ကြီးကျယ်တဲ့ အဖြစ်ဆိုးတွေကို သယ်ဆောင်လာတာကတော့ အစမကောင်းခဲ့တဲ့ အ ကြောင်းတရားတွေကြောင့်ပါ။ ကျမတို့ မြန်မာလူမျိုးတွေဟာ မေတ္တာတရားကို ယုံကြည်လက်ခံတဲ့သူတွေပါ။ ကိုယ့်တိုင်း ပြည် ကိုယ့်လူမျိုးကို ချစ်တဲ့စိတ်အရင်းခံပြီး ဘယ်လိုကွဲပြားခြားနားမှုတွေရှိပါစေ တဦးကိုတဦး ချစ်ချစ်ခင်ခင်နဲ့ ယုံကြည်မှု အပြည့်နဲ့ နေထိုင်သွားနိုင်ရင် ယဉ်ကျေးသိမ်မွေ့တဲ့ လူ့ဘောင်တရပ်ကို တည်ဆောက်နိုင်မှာပါ။ ဒီလူ့ဘောင်အတွင်းမှာ ဘယ်လို လူမျိုးရေးပြဿနာ၊ ဘာသာရေးပြဿနာတွေမှ မရှိစေချင်ပါဘူး မဖြစ်စေချင်ပါဘူး။ မရှိရအောင် မဖြစ်ရအောင် လဲ ကြိုးစားရမှာပါ။ ။

(ရခိုင်ပြည်နယ်အရေးအခင်းအကြောင်း ပြောဖြစ်ကြတော့ ကျမ က မောင်မောင်နဲ့ အာမက် ရန်ဖြစ်တုန်းက ဖွားပု ရိုက်ခဲ့ သလို အဲ့ဒီ လူတွေကို ရိုက်ပစ်ချင်တယ်လို့ပြောတော့၊ ကျမ အဖေက ကမ္ဘာပေါ်မှာအသုံးမကျဆုံး လူတယောက်ပဲဆိုတဲ့ အကြည့်နဲ့ ကျမကိုကြည့်ပြီး အေး… အဲဒီလူတွေက နင့်မောင် မောင်မောင်လဲမဟုတ်ဘူး၊ အသိစိတ်ရှိတဲ့ အာမက်လဲ မ ဟုတ်ဘူး၊ ဖွားပုလို စေတနာအပြည်နဲ့ ဖြန်ဖြေပေးမဲ့ လူတွေလဲမဟုတ်ဘူးလို့ အော်ပါတယ်။

(သိပ်တတ်လွန်းလို့ရေးတာ မဟုတ်ပါ၊ မြင်ရတွေ့ရတာတွေကိုခံစားမိသမျှလေးရေးတာပါ)

Myo Myint Thwe ဖေ့စ်ဘွခ် မှ …

«
Next
Newer Post
»
Previous
Older Post